မျက်ကပ်မှန်တပ်ရင် ဘာတွေဂရုစိုက်မလဲ
ဒီခေတ်မှာ မျက်စိမှုန်ရင် နှာခေါင်းရိုးပေါ်မှာ မျက်မှန်ကြီးကို မကာပင့်ကာနဲ့ အလေးခံတပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေစရာမလိုတော့ပါဘူး။ အရောင်စုံ၊ ဒီဇိုင်းစုံ မျက်ကပ်မှန်လေးတွေကို တစ်မျိုးပြီးတစ်မျိုးတပ်ပြီး မျက်စိမှုန်မှန်း မသိအောင် လှလှပပလေး နေလို့ရနေပါပြီ။
ဒါပေမယ့်လည်း မျက်ကပ်မှန်ကို ဂရုတစိုက်နဲ့ နည်းမှန်လမ်းမှန် သန့်ရှင်းတာ၊ ပိုးသတ်တာ၊ သိမ်းဆည်းတာမျိုး မလုပ်ဘူးဆိုရင်တော့ မျက်စိထဲပိုးဝင်ပြီး အန္တရာယ် ရှိနိုင်ပါတယ်။
မျက်ကပ်မှန်ရဲ့ အန္တရာယ်တွေက ဘာလဲ?
မျက်ကပ်မှန်အဟောင်းတွေ၊ ဒါမှမဟုတ် ကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ မျက်ကပ်မှန်တွေကို တပ်ရင် မျက်ကြည်လွှာမှာ အစင်းရာအခြစ်ရာတွေ ဖြစ်ပြီးထိခိုက်တာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျက်ကြည်လွှာထဲမှာ သွေးကြောတွေ ကြီးထွားလာပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။
မျက်ကပ်မှန်တပ်တဲ့အခါ မျက်စိက ခြောက်သွေ့နေတတ်လို့ မျက်စဥ်းပုံမှန်ခပ်ပေးဖို့ လိုပါတယ်။ မျက်စဥ်းခပ်တဲ့နေရာမှာ ရရာမျက်စဥ်းတွေ ခပ်တာမလုပ်ဘဲ ကြာရှည်ခံပစ္စည်းတွေမပါတဲ့၊ မျက်စိကို စိုစွတ်စေတဲ့၊ မျက်စိဆရာဝန် ညွှန်ကြားတဲ့ မျက်ရည်အစားထိုးမျက်စဥ်းမျိုးကိုသာ သုံးသင့်ပါတယ်။
အကယ်၍ မျက်စိက နီရဲလာမယ်၊ ယားယံလာမယ်၊ မျက်ရည်ပူတွေကျပြီး အလင်းကိုမခံနိုင်ဖြစ်လာမယ်၊ ပြည် သို့မဟုတ် သွေးစိမ့်ထွက်လာမယ်ဆိုရင်တော့ မျက်ကပ်မှန်ကို ချက်ချင်းဖယ်ရှားပြီး မျက်စိဆရာဝန်ဆီ အမြန်ဆုံး သွားသင့်ပါတယ်။
ဘာတွေ ဂရုစိုက်သင့်လဲ?
-မျက်ကပ်မှန်နဲ့ ပတ်သတ်ပြီး မျက်စိဆရာဝန် ဒါမှမဟုတ် မျက်ကပ်မှန် ထုတ်လုပ်ထားတဲ့ ကုမ္ပဏီက ညွှန်ကြားချက်တွေကို သေချာစွာ လိုက်နာပါ။ မျက်ကပ်မှန်ကို မတပ်ခင် လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးရပါမယ်။ မျက်ကပ်မှန်ကို ချွတ်ပြီးတိုင်း သန့်ရှင်းရေး သေချာလုပ်ပြီး ပိုးသတ်ဆေးရည်နဲ့ စိမ်ထားရပါမယ်။ သန့်ရှင်းတဲ့ဆေးရည်နဲ့ ပိုးသတ်ဆေးရည်ကိုလည်း မျက်ကပ်မှန်အတွက် သီးသန့်ထုတ်လုပ်ထားတာကိုပဲ သုံးရပါမယ်။ ရေသန့် သို့မဟုတ် ရေပိုက်ကရေကို သုံးခြင်းမပြုရပါဘူး။ Saline အရည်တွေကလည်း မျက်ကပ်မှန်အတွက် ထုတ်လုပ်ထားတာ မဟုတ်လို့ မသုံးသင့်ပါဘူး။
-မျက်ကပ်မှန်တပ်ပြီး ရေချိုးတာ၊ ရေကူးတာ၊ မျက်စိထဲကို ရေဝင်နိုင်မယ့် ကိစ္စတွေ မလုပ်သင့်ပါဘူး။
-နေစဥ်သုံးမျက်ကပ်မှန် ( daily wear lenses) တွေကို တပ်ပြီး အိပ်ရင် မျက်စိကို ထိခိုက်နိုင်လို့ မအိပ်သင့်ပါဘူး။
-သန့်ရှင်းရေးလုပ်တဲ့အခါတိုင်းနဲ့ ပိုးသတ်ဆေးရည်စိမ်တိုင်း ဆေးရည်အသစ်ကိုပဲ သုံးရပါမယ်။ သုံးပြီးသားဆေးရည်ကို ပြန်သုံးတာ၊ သုံးလက်စဆေးရည်ထဲကို ထပ်ထည့်သုံးတာမျိုး မလုပ်သင့်ပါဘူး။
-နကိုမူလ ဆေးရည်ပုလင်းထဲကနေ တခြားပုလင်းထဲကို ပြောင်းထည့်ပြီး သိမ်းဆည်းတာမျိုးဟာ ပိုးသတ်အာနိသင်ကို ပျက်စီးစေတာမို့ မလုပ်ရပါဘူး။
-ဆေးရည်ပုလင်းရဲ့ ထိပ်ပိုင်းနဲ့ ဘာနဲ့မှ ထိတွေ့ခြင်းမရှိအောင် ဂရုစိုက်ရပါမယ်။ ဆေးရည်ပုလင်းတွေကို အသုံးပြုပြီးတိုင်း သေချာတင်းကြပ်အောင် ပိတ်သင့်သလို့ ဆေးရည်စိမ်ထားတဲ့ မျက်ကပ်မှန်ဘူးကိုလည်း သေချာစွာ ပိတ်ထားသင့်ပါတယ်။
-မျက်ကပ်မှန်တွေကို သုံးလတစ်ခါ အသစ်လဲလှယ် တပ်ဆင်သင့်ပါတယ်။
ဘယ်လိုလူမျိုးတွေက မျက်ကပ်မှန် မတပ်သင့်ဘူးလဲ?
မျက်ကပ်မှန်က လူတိုင်းတပ်သင့်တဲ့အရာတော့ မဟုတ်ပါဘူး။
မျက်စိ မကြာခဏ ပိုးဝင်တတ်တဲ့သူတွေ
မျက်စိခြောက်သွေ့ ယားယံပြီး ဓာတ်မတည့်ဖြစ်လွယ်တဲ့သူတွေ
မျက်ကပ်မှန်တပ်ရင် ကရိကထများတာကို မခံနိုင်တဲ့သူတွေ
ဖုန်မှုန့်ပေါပြီး ညစ်ပတ်တဲ့ ပတ်ဝန်းကျင်မှာ အမြဲတစေ အလုပ်လုပ်နေရသူတွေကတော့ မျက်ကပ်မှန် မတပ်သင့်ပါဘူး။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာယဉ်ရွှေရည်